မျက်စိကျန်းမာစေဖို့အတွက် မဖြစ်မနေ သိထားရမယ့်အချက်များ
ရွှေသမင်မျက်လုံးလေးလို လှဖို့ထက်၊ ဘယ်ကိုကြည့်ကြည့် ကြည်လင်ရှင်းလင်းတဲ့ အမြင်အာရုံလေးရဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် မျက်စိကျန်းမာရေးအတွက် ဘာတွေလုပ်သင့်သလဲဆိုတာ ပြောပြမယ်နော်။
(1) ကောင်းကောင်းစားပါ
မျက်စိကြည်လင်ဖို့က ထမင်းပန်းကန်ပြားကနေ စရမှာပါ။ ကောင်းကောင်းစားပါ ဆိုတာက ဆီဦးထောပတ်တွေ စားဖို့ပြောတာ မဟုတ်ပါဘူး။ မျက်စိအတွက်ကောင်းစေတဲ့ ဗိုက်တာမင်အေနဲ့ ဘီတာကယ်ရိုတင်းပါတဲ့ အစားအစာတွေနဲ့ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ မြင်လွှာရောင်ခြယ်ပျက်စီးခြင်း (Age-related Macular Degeneration)၊ အတွင်းတိမ် (Cataract) တို့ကို ကာကွယ်ပေးတဲ့ အိုမီဂါသရီး ဖက်တီအက်ဆစ်၊ ဇင့်၊ လူတင်း၊ ဗိုက်တာမင်စီနဲ့ ဗိုက်တာမင်အီးတွေ ပါဝင်တဲ့ အစားအစာတွေ ဂရုပြုစားဖို့ ပြောတာပါ။
ဆယ်လ်မွန်၊ တူနာနဲ့ အဆီများတဲ့ငါးတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နဲ့ ငရုတ်ပွတွေ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ၊ လိမ္မော်သီး၊ သံပုရာသီးလို အချဥ်ဓာတ်ရှိတဲ့ အသီးတွေဟာ စားသင့်တဲ့ အစားအစာတွေပါ။
ကျန်းမာရေးနဲ့ညီအောင် စားခြင်းက ကိုယ်အလေးချိန်ထိန်းနိုင်မှာ ဖြစ်သလို ဆီးချိုလိုနာတာရှည်ရောဂါတွေကြောင့် အမြင်အာရုံဆုံးရှုံးခြင်းကလည်း ကာကွယ်နိုင်ပါလိမ့်မယ်။
(2) ကွန်ပြူတာ၊ ဖုန်းမျက်နှာပြင်တွေရဲ့ အဝေးကိုကြည့်ပါ
ကွန်ပြူတာ၊ ဖုန်းနဲ့ တီဗီမျက်နှာပြင်ကို ကြာရှည်ကြည့်တဲ့အခါ မျက်လုံးတွေ ကိုက်လာတာ၊ မျက်ရည်ပူတွေ ကျလာတာ၊ မျက်လုံးက ခြောက်သွေ့ယားယံလာတာ၊ အမြင်ဝါးလာတာ၊ အာရုံမစိုက်နိုင်တာ၊ ဇက်ကြောတက်တာမျိုးတွေ ဖြစ်ဖူးကြမှာပါ။
ဒါကို ကာကွယ်ဖို့အတွက် ဖုန်း၊ ကွန်ပြူတာ၊ တီဗီတွေကြည့်တဲ့အခါ မျက်စိနဲ့ တစ်တန်းတည်းထားပါ။ အောက်ကို ငုံ့ကြည့်တာမျိုး မလုပ်ပါနဲ့။ မျက်မှန်၊ မျက်ကပ်မှန်တွေက ပါဝါမကိုက်တာမျိုး မဖြစ်တာ သေချာပါစေ။ Screen ကို မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ ခန့်အကွာအဝေးကို စက္ကန့် ၂၀ ခန့်ကြည့်ပါ။ ၂ နာရီကြာပြီးတိုင်း ၁၅ မိနစ်ခန့် နားပါ။
(3) နေကာမျက်မှန် တပ်ပါ
နေရောင်ခြည်ထဲက UV rays တွေက အတွင်းတိမ်နဲ့ မြင်လွှာရောင်ခြယ် ပျက်စီးခြင်းတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် UVA ရော UVB ပါ ကာကွယ်နိုင်တဲ့ နေကာမျက်မှန်တပ်တာက မျက်စိရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။
(4) အကာအကွယ်မျက်မှန် တပ်ပါ
အန္တရာယ်ရှိတဲ့ အလုပ်တွေလုပ်တဲ့အခါ ဥပမာ- ငရဲမီးသုံးရတဲ့အလုပ်၊ ဂဟေဇော်ရတဲ့အလုပ်တွေ၊ ဖုန်အမှုန်တွေများတဲ့ လုပ်ငန်းခွင်တွေနဲ့ ရေခဲပြင်ဟော်ကီတို့လို အားကစားလုပ်နေစဥ်မှာ မျက်စိကို မထိခိုက်ရအောင် အကာအကွယ်မျက်မှန် သို့မဟုတ် helmets တပ်သင့်ပါတယ်။
(5) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်က အတွင်းတိမ်ဖြစ်စေနိုင်သလို မြင်လွှာရောင်ခြယ်နဲ့ မျက်စိအာရုံကြော (optic nerve) ကိုလည်း ထိခိုက်စေလို့ ဆေးလိပ်ဖြတ်တာက မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သလို ကင်ဆာနဲ့ တခြားရောဂါတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။
(6) မျက်စိဆရာဝန်နဲ့ ပုံမှန်ပြပါ
မျက်မှန်တပ်ရသူတွေသာမကပဲ လူတိုင်းဟာ မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသပြီး မျက်စိကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။ ဒါမှသာ အမြင်အာရုံကောင်းအောင်း ထိန်းသိမ်းနိုင်မှာပါ။
အထက်မှာ ပြောခဲ့တဲ့အချက်တွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ကြည်လင်တဲ့အမြင်အာရုံကို ပိုင်နိုင်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်